ငဖဲ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဗိဿနိုးဒေသရှိ ရွှေရောင်တော်ဘုရား၌ ကျင်းပပြုလုပ်သည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာမှ ပြန်လည်ရောက်ရှိလာသည့် ငဖဲမြို့နယ်မှ ရှင်သာမဏေအပါး (၁၀၀)အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်ရှိ မိုးကုပ်ဓမ္မရိပ်သာတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးက ဦးဆောင်ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းပြီး ရှင်သာမဏေအပါး (၁၀၀)အား နံနက်ပိုင်းတွင် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များကို သိရှိလိုက်နာ၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြေခံကိုယ်ကျင့်တရားကောင်းမွန်စေရန်အတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဆက်လက်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ဂုဏဝန်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဇောတိပါလနှင့် အခြေခံပညာကျောင်းများမှ ဆရာမ ၂ ဦးက မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်းမှ ထုတ်ဝေသော အမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တမဏ္ဍိုင်ပညာ(မူလတန်းအဆင့်)စာအုပ်ပါ ဗုဒ္ဓဝင်အကျဉ်း၊ အခြေခံရှိခိုးပူဇော်မှု၊ ကိုယ်ကျင့်သီလဆောက်တည်မှု၊ လောကလူမှုရေးကျင့်ဝတ်တရားများ၊ အရွယ်သုံးပါး ဘဝနေနည်း၊ မင်္ဂလာကျင့်စဉ်များ၊ မေတ္တာနှင့် မေတ္တာပို့သနည်း၊ ယဉ်ကျေးမှုဆိုင်ရာများကို ရှင်သာမဏေအပါး (၁၀၀)အား ဧပြီလ(၈)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)