သဲကုန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစတင်ဆောင်ရွက်

သဲကုန်း ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာကြစေရန် ၊ ပြည်သူလူထုကို အခြေပြုသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ ၆ ရက်​နေ့စတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများရှိ စာသင်ဝိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းကို သဲကုန်းမြို့နယ်အတွင်းရှိ ရင်းတိုက်မှော်၊ ဇီးကုန်း၊ သစ်နီတော၊ နွယ်​ကောက်၊ ကြို့ကုန်း၊ ခေတ်သစ်ရတနာ၊ သီရိသုခ၊ ကြို့ပင်သာ၊ ကြပ်နားရုံးပင်တက် စသည့်ကျေးရွာ (၁၀) တွင် စာသင်ဝိုင်း (၁၄) ဝိုင်းဖြင့် သင်ကြားရေးဆရာ၊ ဆရာမ(၁၄)ဦးမှ မြန်မာစာအရေး၊ အဖတ်နှင့် အခြေခံသင်္ချာအတွက်အချက်တို့ကို သင်တန်းသား (၉၉)ဦး၊ သင်တန်းသူ(၁၁၄) ဦး၊ စုစုပေါင်း (၂၁၃) ဦးခန့် တက်ရောက်သင်ယူကြမည်ဖြစ်ပြီး သင်ကြားမည့် ကာလမှာ ဧပြီလ ၆ ရက်မှ ဧပြီလ ၁၅ ရက်အထိ (၁၀) ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများမှ စာသင်ဝိုင်းများ၌ စာတတ်‌မြောက်ရေးသင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင် လုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စာသင်ဝိုင်းများအတွက် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)