ကျောက်ကြီး ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် (၈) နာရီ အချိန်ခန့်က အောင်သုခရပ်ကွက် ဓမ္မာရုံ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ပူးပေါင်းစီစဥ်သည့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုခွဲမှူး စိုးအောင်က ကြက်ခြေနီ အကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇)ချက်ဖြင့်ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်ဆိုသည့် လုပ်ငန်းစဥ်များအကြောင်း အသိပညာပေးပြောကြားကာ လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များကို အသိပညာပေးဟောပြောပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာ အကြီးကဲများထံ သတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲကို အောင်သုခရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ (၅၀)ဦး တက်ရောက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)