သဲကုန်းမြို့နယ် အ.ထ.က(သဲကုန်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

သဲကုန်း ဧပြီ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်း​ကျောင်း (သဲကုန်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​အခြေခံပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ခင်မိုးဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်​ဖြိုးသူက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/​ ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ရည်မှန်းချက်၊social media ၏ ကောင်းကျိုး၊ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှူလေ့လာရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ၊ ပညာ၏တန်ဖိုးများ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး အကြောင်းအရာများကိုလည်း​ကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကျော်ဝင်းက အားကစားကို ချစ်မြတ်နိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များသုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)