စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၈

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဖိတ်ခေါ်၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်/လူရွယ်များဖြစ်လာစေရန် ကလေးသူငယ်အခွင့် အရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေး အလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဝိုင်းဝန်းကာကွယ်စောင့် ရှောက်ပေးရမည်ဖြစ်ကြောင်းများကို ဟောပြောဆွေးနွေးပေးခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကလေးငယ်များအား ဆေးရောင်ခြယ်နှင့် စကားပုံဆက်ပြိုင်ပွဲ ကို ကျင်းပပေးရာ ကလေးငယ်များက တစ်ပျော်တစ်ပါး ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ဇော်မြင့်နိုင်