ကျောင်းကုန်း နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ထီမန်ကျေးရွာရှိ ယာယီမဲရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင် ဆင်ထားရှိမှုအား ယမန်နေ့ညနေ ၄ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်းနှင့် ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေတို့က ဇရပ်ကွင်းအုပ်စု မဲရုံအမှတ် (၄) ယာယီမဲရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စီမံဆောင်ရွက်ထားပြီး အဆင်ပြေလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိရေး မှာကြားခဲ့သည်။
ကျောင်းကုန်းမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၅)အုပ်စု စုစုပေါင်း(၆၈)အုပ်စုတို့၌ မဲရုံပေါင်း (၁၂၅) ရုံရှိကာ ဆန္ဒမဲပေးမည့်သူ(၁) သိန်း နှစ်သောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)