ကော့သောင်းမြို့နယ်အတွင်း မဲရုံများ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်း၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြမည့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀နာရီ က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်နှင့်ကျေးရွာမဲရုံများအား ခရိုင်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲဝေဦး ဦးဆောင်သည့်အဖွဲနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးချစ်မင်းသူဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ်မကျရောက်စေရေး မဲရုံများအနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ၏ မီးသုံးစွဲမှု အခြေအနေ၊ မဲရုံများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုအခြေအနေ၊ မတော်တဆဖြစ်ပွားလေ့ရှိသည့် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှ တဆင့် ဖြစ်ပွားတတ်သည့် မီးဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်မီ ငြိမ်းသတ်နိုင်ရန်စီစဉ်ထားရှိမှုအခြေအနေ၊ အရေးပေါ်အခြေအနေတွင် ရေအလုံ အလောက်ရရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ မဲရုံမှူးများနှင့် အဖွဲ့ဝင်များအား မဲရုံများ တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးအသုံးပြုနည်း၊ မီးငြိမ်းသတ်ပုံအဆင့်ဆင့်နှင့် အရေးပေါ် ဆက်သွယ်ရမည့် နည်းလမ်းများအား အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇) အုပ်စုတွင် မဲရုံပေါင်း(၇၅)ရုံ ဖွင့်လှစ် ဆောင်ရွက်သွားမည့်ဖြစ်ရာ မဲရုံများတွင်မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် လုံခြုံရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်အဓိကထား လေ့ကျင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

ကျော်စိုး (ကော့သောင်း)