ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိသည့် ဆောင်သီးနှံပဲကြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေရရှိ

ဆိပ်ဖြူ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများ စိုက်ပျိုးဆောင်ရွက်ခဲ့ကြသည့် ဆောင်သီးနှံပဲကြီးများ ဈေးကောင်းရရှိပြီး မိသားစုဝင်ငွေရရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ကိုင်းမြေ၊ လယ်မြေတို့၌ ပဲကြီးကို သီးထပ်သီးညှပ်စိုက်ပျိုးဆောင်ရွက်ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်သီးနှံပဲကြီးကို (၁၃၅၁) ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ဒေသခံတောင်သူများက ပဲကြီးစိုက်ပျိုးခြင်းများကို သြဂုတ်လ မိုးတွင်းကာလတို့၌ စတင်စိုက်ပျိုးဆောင်ရွက်ကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လတို့တွင် ပြန်လည်ရိတ်သိမ်းဆောင်ရွက်ရကြောင်း သိရသည်။ တစ်ဧကလျှင် မြေအမျိုးအစားလိုက်၍ ၁၂ တင်းမှ ၂၀ တင်းအထိထွက်ရှိကြောင်းနှင့် ဆိပ်ဖြူမြို့နှင့် ချောက်မြို့ဈေးကွက်သို့ တင်ပို့ရောင်းချကြရကြောင်း သိရသည်။

ယခုနှစ်ထွက်ရှိသော ပဲကြီးများက ကနဦးဈေးကွက် တစ်တင်းလျှင် (၁) သိန်းကျပ်ဖြင့် ဈေးရရှိခဲ့ကြသည်။ ပဲကြီးလှိုင်လှိုင်ပေါ်သည့်အချိန်တွင် ဈေးအနည့်ငယ်ကျဆင်းခဲ့ကာ (၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဈေးပြန်လည်ရရှိကြပြီး လက်ရှိပဲကြီးစေ့တစ်တင်းပေါက်ဈေးမှာ (၉၅၀၀၀) ကျပ်ရှိကြောင်း၊ ယခုနှစ်ဆောင်သီးနှံအတွက် ပဲမျိုးစုံစိုက်ပျိုးခဲ့သည့် တောင်သူများနေဖြင့် ယခင်နှစ်များထက် မိသားစုဝင်ငွေ ပိုမိုရရှိခဲ့ကြကြောင်း ပဲစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။                                   

ကိုဇွဲ(အညာမြေ)