ဆင်ပေါင်ဝဲ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းကို တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အပါး (၅၀၀၀)ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခံရသည့် ရှင်သာမဏေများ သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ယဉ်ကျေးလိမ္မာသင်တန်းသည် အရေးပါသော သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို သေချာစွာလိုက်နာမှတ်သားရန်လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်တွင်လည်း ယဉ်ကျေးလိမ္မာသောသူများအဖြစ် နေထိုင်သွားနိုင်ရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး ဆရာ၊ ဆရာမများက သင်တန်းကို ဆက်လက်ပို့ချသည်။
အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၅၁)ဦးခန့် တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းပို့ချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လေ့လာကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက အချိုနှင့် အာဟာရမုန့်များ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)