ကျိုက်လတ် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ တစ်ခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက် (၇)ချက်ကို လိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်