ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများရွေးချယ်

မင်းလှ(အောက်) နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဖြစ်သော ကျေးရွာဖွံ့ဖြိုးရေး စီမံ ကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများရွေးချယ်ခြင်းကိုနိုဝင်ဘာ ၅ ရက် နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်ထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ဖွံ့ဖြိုးမှုအားနည်းသောကျေးရွာများ၊ ဌာနများမှအထောက်အပံ့ အားနည်းသော ကျေးရွာများကို ဦးစားပေးရွေးချယ်ကြရန်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးလှခေးက စီမံကိန်း ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဌာနညွှန်ကြားချက်များ၊ စီမံကိန်း‌ကျေးရွာစံသက်မှတ်ချက်များတို့ကို ရှင်းလင်းခဲ့သည်။

ထို့နောက် စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များတို့က ညှိနှိုင်းပေါင်းစပ်ကာ ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းကျေးရွာ (၂၀)ရွာ နှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂)ရွာ တို့အား အတည်ပြုရွေးချယ် ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ မေလအကုန်ထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ မင်းလှ