သံတောင်ကြီးမြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြား

သံတောင်ကြီး ဧပြီ ၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်သည့်သူများ လူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ယနေ့နံနက် (၈) နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးကိုယ်တိုင်ကြီးကြပ်၍ အခြေခံပညာအထက်တန်းကျောင်းနှင့် ရှင်ဂျော့ဂျက်အသင်းတော်ခန်းမတွင် သင်တန်းသားသင်တန်းသူ (၂၀) ဦး၊ သင်တန်းနည်းပြဆရာ/ဆရာမ (၆) ဦး၊ သင်တန်းကြီးကြပ်သည့် ဆရာမ (၂) ဦး တို့က ဧပြီလ(၈)ရက်မှ မေလ (၁၅) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ (၁၂) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ် မြို့နယ်ရဲမှူးနှင့်မြို့နယ်ပညာရေးမှူးတို့က အချိုရည်၊ ခေါက်ဆွဲခြောက်၊ ဗလာစာအုပ် (၂) အုပ်၊ ခဲတံ (၂) ချောင်း၊ ပုံနှိပ်စာအုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

နော်နော်မူ