မြိတ် ဧပြီ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလုပ်သားများလုပ်ငန်းခွင်အရည်အသွေးတိုးတက်မြှင့်မားလာစေရေးအတွက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ငါးဖမ်းရေယာဉ်ရေလုပ်သားများအား အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ဧပြီ (၈) ရက် နံနက် (၉) နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
ပင်လယ်ငါးဖမ်းရေယာဉ်များ၌ လိုက်ပါလုပ်ငန်းဆောင်ရွက်နေကြသည့် ရေလုပ်သားများနှင့် ရေယာဉ်မှူးများအား ပင်လယ်ပြင်တွင် သဘာ၀ဘေးကျရောက်ပါက ကြိုတင်ကာကွယ်မည့်နည်းလမ်းများ၊ ရေလုပ်သားများနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ ကျန်းမာရေးနှင့်အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာဗဟုသုတများသိရှိပြီး လိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင်လှစ်ခြင်းဖြစ်သည်။
သင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများလုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေးအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး၊ တာဝန်သိစိတ်ဖြင့်ငါးဖမ်းဆီးခြင်းဆိုင်ရာများ၊ ရှေးဦးသူနာပြုစုနည်း၊ မီးဘေးအန္တရာယ်အကြောင်းသိကောင်းစရာများကို နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)