မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားတွင် ကျင်းပသည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး ဧပြီ ၈

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရနှင့် သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ပညာဇောတအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှင်သာမဏေများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆရာတော် ၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တပ်မတော်(ကြည်း/ရေ/လေ) အရာရှိ၊ စစ်သည် မိသားစုများက ပေးပို့လှူဒါန်း ငွေကျပ်သိန်း(၅၀၀)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေကျပ်(၁၀၃၃)သိန်းနှင့် အလှူရှင်များကလှူဒါန်းသည့် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များနှင့် သာမဏေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး စလင်းမြို့၊ လက်ပံပင်စာသင်တိုက်ပဓာနနာယက နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဓနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာအခမ်းအနားအပြီးတွင် သဲဖြူဆရာတော် ဘုရားကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ဝန်ရှိသူများသည် သဲဖြူဆရာတော်ဘုရား၏ အထောက်အပံ့ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်သည့် စတုံချောင်း ဘေလီတံတား(၁၈၀)ပေ တည်ဆောက်ခြင်း၊ စတုံမြောင်းပြုပြင်ခြင်းနှင့် ရန်ပယ်ချောင်းတစ်လျှောက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လုပ်ငန်းဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြလျှောက်ထားမှုအပေါ် သဲဖြူဆရာတော်ဘုရားက လိုအပ်သည်များကို မိန့်ကြားသည်။

သဲဖြူဆရာတော်ဘုရား၏ အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသည့် မြို့သစ်မြို့နယ် ထနောင်းဇင်ကျေးရွာနှင့် တောင်တွင်းကြီးမြို့နယ် ကြက်ဆူတော(တ) ကျေးရွာကြားရှိ စတုံချောင်း ဘေလီတံတား(၁၈၀)ပေတည်ဆောက်ခြင်းလုပ်ငန်းမှာ ရေလယ်တိုင်(၂)တိုင်အား Precast Pile ရိုက်သွင်းခြင်းနှင့် ရေလယ်တိုင်(၁)တိုင်အား Pile Cap လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်ပြီး မြို့သစ်မြို့နယ် ထနောင်းဇင်ကျေးရွာဘက်ခြမ်း Abutment သံဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ (တောင်တွင်း - မကွေးကားလမ်း) - ကြက်ဆူတော (တ - မ) ကတ္တရာလမ်းပိုင်း (ရွှေရောင်တော်ဘုရား)ကြား (၁/၅)မိုင်ရှိ(၁၂ ပေ အကျယ် ကတ္တရာလမ်းအားယာဉ်(၂)စီး ရှောင်တိမ်းနိုင်ရန်အတွက် လမ်းပုခုံးတာဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းနှင့် ရွှေရောင်တော်ဘုရားမှ ထနောင်းဇင်ကျေးရွာကြားရှိ စတုံချောင်းတံတားအနီး မြေသားလမ်း(ဝ/၄)မိုင်အား လမ်းကြောင်းဖြောင့်၍ မြေသားတာဘောင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးသွားပါက မြို့သစ်မြို့နယ်ရှိ ကျေးရွာ(၁၄)ရွာ၊ အိမ်ခြေ(၁၉၇၁)အိမ်၊ လူဦးရေ(၉၂၈၀)ဦး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ(၄)ရွာ၊ အိမ်ခြေ(၈၁၅)အိမ်၊ လူဦးရေ(၃၆၁၇)ဦး၊ စုစုပေါင်းကျေးရွာ(၁၈)ရွာ၊ အိမ်ခြေ(၂၇၈၆)အိမ်နှင့် လူဦးရေ(၁၂၈၉၇)ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ