ကျွန်းစု ဧပြီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပူဇော်ပွဲကို ဧပြီလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၆ ရက်နေ့နံနက် (၈)နာရီအချိန်က မြို့ဦး သံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အမှတ်(၃)ရပ်ကွက် အဘိဓမ္မာအဖွဲ့က ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ဖိတ်ကာ အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ)ထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပဋ္ဌာန်းတရားတော်များ နာကြားရန် နတ်ဗြမ္မာများအား ပင့်ဖိတ်၍ ပဋ္ဌာန်းဒေသနာ ရွတ်ဖတ် ရန် တိုက်တွန်းနှိုးဆော်လွှာ ရွတ်ဖတ်ပူဇော်ကာ သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိသတ်များက (၂၄)ပစ္စည်း ရွတ်ဆိုပူဇော်၍ အလှည့်ကျဆရာတော်က ပဋ္ဌာန်းပါဠိတော်ကို စတင်ရွတ်ဆိုပူဇော်လျက်ရှိကြောင်း၊ ဧပြီလ (၈)ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် မြို့ဦးသံသရာအေးစေတီတော်၌ ဆရာတော် များ၊ ပင့်သံဃာတော်များ၊ အရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း ပါး(၆၀)ခန့်အား ဆွမ်းခြောက် လောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)