ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စုသာယာကုန်း နှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်ဖွင့်ပွဲတက်ရောက်

ဘားအံ ဧပြီ ၈

ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဘားအံ-မော်လမြိုင်သာသနာနယ်၊ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်အသစ်ဖွင့်လှစ်ခြင်းနှင့် ဆက်ကပ်ဝတ်ပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သာယာကုန်း(၁) လမ်းရှိ အဆိုပါအသင်းတော်ဗိမ္မာန်တော်အသစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၊ ဘားအံမော်လမြိုင်သာသနာနယ်မှ ဆရာတော်ကြီးများက ဗိမ္မာန်တော်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကောင်းချီးမင်္ဂလာစကားကို ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်၊ အသင်းတော်နာယကနှင့် ဆရာတော်ကြီးများက ဗိမ္မာန်တော်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗိမ္မာန်တော်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဗိမ္မာတော်အသစ်အား ဖွင့်လှစ်အပြီးတွင် နှစ်ခြင်းမင်္ဂလာခံယူခြင်း၊ ဗိမ္မာန်တော်အသစ် ဆက်ကပ်ဝတ်ပြုခြင်းနှင့် အသင်းတော်နေ့ချီးမွမ်းဝတ်ပြုခြင်းမင်္ဂလာအခမ်းအနားကိုလည်း ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)