အုတ်ဖို နိုဝင်ဘာ ၆
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများသို့ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အဖွဲ့တို့သည် တိမ်မြုပ်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု (၇)အုပ်စုမှ မဲရုံများသို့သွားရောက်ကာ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်သွားကြမည့်သူများ အနေနဲ့လည်း ရောဂါပိုးကူးစက်မခံရဖို့လိုကြောင်း ပြောကြား ပြီး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်မှ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသူရဌေးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။
အလားတူ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကလည်း ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)