စာသင်ဝိုင်းနည်းပြများ၊ ကြီးကြပ်များအနေဖြင့် စာတွေ့သာမက မိမိတို့၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ဘားအံ ဧပြီ ၄

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦး ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာသင်ဝိုင်းများတွင် ပို့ချပေးမည့်နည်းပြများ၊ ကြီးကြပ်များအနေဖြင့် သင်တန်းကပို့ချသည့် စာတွေ့သာမက မိမိတို့ ၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီများအားလုံး ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် သင်ကြားရေး ကာလတစ်လျှောက်လုံး စာသင်သားလျော့ကျမှုမရှိစေရေး၊ နည်းပြများ၊ ကြီးကြပ်များအား အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးကြရန် ဆက်လက်တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်(ဘားအံ)တို့မှ နည်းပြများအတွက် ငွေကျပ် ၄,၆၈၀,၀၀ဝိ/-(လေးဆယ့်ခြောက်သိန်းရှစ်သောင်း)၊ အခြေခံပညာမှ ဆရာ၊ဆရာမနည်းပြများအတွက် ငွေကျပ် ၅,၄၀၀,၀၀ဝိ/-(ငါးဆယ့်လေးသိန်း)တို့ကို ထောက်ပံ့ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နည်းပြ/ကြီးကြပ်ဆရာ၊ဆရာမများနှင့် တက်ရောက်လာသူများက မနီပြုံးနိုင်ပြီ ကာတွန်းဇာတ်လမ်းတို Video Clip အား အတူတကွကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပြ၊ကြီးကြပ် ဆရာ၊ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေစကားများပြောကြားခဲ့သည်။

အလားတူ ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လုပ်အားပေးဆရာ၊ ဆရာမများအား ဂုဏ်ပြုညစာစားပွဲကို ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ပညာ့ရိပ်သာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကြားမည့်နေရာ၊ တည်းခိုမည့်နေရာများသည် ဒေသတစ်ခုနှင့် တစ်ခုတူညီကြမည်မဟုတ်ဘဲ ပြောဆိုနေထိုင်ခြင်းများတွင် လိမ္မာပါးနပ်ကြရန်နှင့် ဒေသရှိအကြီးအကဲများ၊ ကြီးကြပ်သူများနှင့်တိုင်ပင်၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြသည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ လုပ်အားပေးနည်းပြများ၊ အခြေခံပညာမှ ဆရာ၊ဆရာမ နည်းပြများ ကြီးကြပ်သူများအားလုံးနှင့် စာတတ်မြောက်ရေး လုပ်ငန်းကော်မတီဝင်များအားလုံးကို ယခုညစာစားပွဲဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စာတတ်မြောက်ရေး လုပ်ငန်းကော်မတီဝင်များ၊ ကြီးကြပ်/နည်းပြများနှင့် တက်ရောက်လာသူများက ဖျော်ဖြေရေးနှင့် စာတတ်မြောက်ရေး Video Clip များကို အတူတကွကြည့်ရှုခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြီးကြပ်/နည်းပြ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)