တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်         ဧပြီ ၅

၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “တို့အင် တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်တိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ဖွင့်ပွဲအခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေး စသည့် ပညာရေးဆိုင်ရာများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ယခင် “အ” သုံးလုံးကျေသင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို စေတနာရှင် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံ ပညာတတ်များ၊ ဒေသခံဝန်ထမ်းများက တိုင်းရင်းသားဘာသာစကား သင်ကြားရေးအထောက်အကူပြု ဆရာ၊ဆရာမများ၏ အကူအညီရယူကာ နိုင်ငံတစ်ဝန်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ယခုနှစ်လာမည့် ဧပြီလ(၆)ရက်နေ့မှ မေလ(၁၅)ရက် နေ့အထိ ရက်ပေါင်း(၄၀)ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တစ်ရက်သင်ကြားသင်ယူချိန် (၃)နာရီဖြင့် နာရီပေါင်း (၁၂၀)၊ စာသင်သား(၃၆၀၀)ဦးကို စာသင်ဝိုင်း (၂၄၀)၊ နည်းပြ(၂၄၀)ဦး၊ ကြီးကြပ်(၂၄)ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ၂၀၁၉ ခုနှစ်၊ လူဦးရေနှင့် သန်းကောင်စာရင်းအရမြန်မာနိုင်ငံ၏စာမတတ်သူဦးရေ(၄.၁)သန်းကျော်ရှိပြီး တိုင်းဒေသကြီးတွင် (၃၅၇၅၇) ဦးရှိရာ ၎င်းအနက် (၃၆၀၀)ဦးကိုမြို့နယ်(၈)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ယခုလိုဖွင့်ပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ၏ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေ ချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်  အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများအားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစား ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီဝန်ကြီးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ်သိန်း (၁၂,၄၉၉,၀၀၀) ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူးဦးဝင်းနောင်က ရှေ့ဆက်ဆောင်ရွက်မည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရှင်းလင်းတင်ပြကာ အခြေခံပညာစာတတ်မြောက်ရေး လုပ်အားပေးဆရာ၊ ဆရာမများက “ဘယ်သူပြိုင်လို့လှပါတော့နိုင်” သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေသည်။

ဆက်လက်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းများဆောင်ရွက်မှု(VIDEO CLIP) ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေးပြီး ကျောင်းသား၊ကျောင်းသူများက “ဝထကလသသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)