မြန်အောင် ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးတို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေက မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ရှေးဦးစွာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက မြို့နယ်သံဃနာယကဆရာတော်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
ဆက်လက် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ မြန်အောင်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူကြသော ပထမလတ်တန်းအောင်(၂)ပါး၊ ပထမငယ်တန်းအောင် (၅)ပါး၊ အခြေပြုမူလတန်းအောင်(၁၅)ပါး ရဟန်း၊ ကိုရင်၊ သီလရှင်ဆရာလေးများတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြန်အောင်မြို့ လေးမျက်နှာမဟာစည်ရိပ်သာ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝရဥာဏဆရာတော်ထံမှ ရေစက်သွန်းချတရားတော်နာကြား၍အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ စာအောင်ရဟန်းသာမဏေများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)