လပွတ္တာမြို့ လေးမျက်နှာမဟာစည်ကျောင်းတိုက် ဆရာတော်၏ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

လပွတ္တာ ဧပြီ ၇

၂၀၂၄ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် ကမ္မဠာနာစရိယဘွဲ့တံဆိပ်တော်ရ လပွတ္တာမြို့၊ အမှတ် (၁၀) ရပ်ကွက် လေးမျက်နှာမဟာစည်ကျောင်းတိုက်၏ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒါသီရိ၏ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီချိန်ကလပွတ္တာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ ကမ္မဠာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တစန္ဒါသီရိအမှူးပြုသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
အခမ်းအနားကို နမောတဿဗုဒ္ဓပဏာမဖြင့် (၃) ကြိမ်ရွတ်ဆိုကာ စတင်ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တသုစိတ္တ(ဂန္တဝါစကပဏ္ဍိတ)ထံမှ (၅) ပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် မမေယွန်းဝါနှင့် အဖွဲ့က သျှန်ထွန်း(မြန်မာစာ)ရေးစပ်သည့် ရတုပိုဒ်စုံအား သီကျူးပူဇော်ခဲ့သည်။ ဆက်လက်ပြီး လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူတို့က ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး “ကမ္မဋ္ဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ လေးမျက်နှာမဟာစည်ကျောင်းတိုက် ဆရာတော်သာသနဓဇဓမ္မာစရိယဘဒ္ဒန္တစန္ဒာသိရီ အရှင်မြတ်ထံမှ သာရဏီယကထာ နာယူခဲ့ကြသည်။ ထို့နောက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုသာဓုခေါ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)