ဟင်္သာတ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော နွေရာသီအားကစားနည်းမျိုးစုံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကြောင်းမှူးဦးဆောင်၍ အားကစားသမားများက နေရာယူခဲ့ကြပြီး ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးမြင့်သိန်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအား အားကစားနည်းများအလိုက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယခုနှစ်ဖွင့်လှစ်ခဲ့သော နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ကြက်တောင်ရိုက်၊ ဘော်လီဘော၊ တိုက်ကွမ်တို၊ စားပွဲတင်တင်းနစ်၊ Aerobic & Fitness Dance စသည့် အားကစားနည်းများကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)