မင်းဘူး ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် သနပ္ပင်စုကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာတွင် ဆောင်းသီးနှံ ပဲထောပတ်စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း ငွေသောင်ကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။
ပဲထောပတ်စိုက်ပျိုးမှုတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပဲထောပတ်သီးနှံ စိုက်ပျိုးရန် ၁၅၇၀ ဧက လျာထားကာ ဧက ၁၆၀၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် သီးနှံများ ရိတ်သိမ်းခြွေလှေ့လျက်ရှိသကဲ့သို့ ပဲတစ်တင်းလျှင် ၁၀၀,၀၀၀ ဝန်းကျင် ရောင်းချရကြောင်းလည်း သိရသည်။
ပဲထောပတ် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ရေတင်ခ၊ လုပ်အားခ၊ မျိုးဖိုးနှင့် သွင်းအားစုများ အပါအဝင် စုစုပေါင်း ကျပ် ၃၀၀,၀၀၀ ကုန်ကျ၍ အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၀ တင်းမှ ၁၅ တင်းအထိ ထွက်ရှိပြီး၊ တစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀ ရောင်းချရသောကြောင့် အဆင်ပြေလျက်ရှိကြောင်း ငွေသောင်ကျေးရွာ ပဲထောပတ်စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)