ဝေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဝေါ ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊ အငယ်တန်း၊ မူလတန်း) သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဝေါအခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဝေါမြို့နယ် ဒလနွမ်းကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသထံမှ ငါးပါးသီလနှင့် အဖွင့်သြဝါဒကထ နာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုမှ သာသနာရေးကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာအောင်သံဃာတော် (၄၇) ပါးအား စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆပ်သွားခြံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒေါဘာသထံမှ အနုမောဒနာနှင့် ရေစက်ချတရားဟောကြားခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)