ကန့်ဘလူ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဆရာတော်များ၊ ကြီးကြပ်သူဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ တက်ရောက်လာကြသောလူပဂ္ဂိုလ်များ၊ အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တာဝန်ရှိသူများက ကြီးကြပ်ရေးဆရာတော်များထံ လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာများထံ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စာအောင်လက်မှတ်နှင့်စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ကန့်ဘလူမြို့ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော်သာသနဓဇဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တတေဇိန္ဒသာရထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကန့်ဘလူမြို့ စာဖြေဌာနမှ ပထမကြီးတန်း (၁)ပါး၊ ပထမလတ်တန်း (၃)ပါး၊ ပထမငယ်တန်း (၁)ပါးနှင့်အခြေပြုမူလတန်း (၄)ပါး စုစုပေါင်း ၉ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)