ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဥ် ဖြင့်စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးစေ့ထုတ်စိုက်ကွက်များအောင်မြင်ဖြစ်ထွန်း

ပင်လည်ဘူး  နိုဝင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အစီအစဉ် CERP စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးစေ့ထုတ်စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ 

 ပင်လည်ဘူးမြို့နယ်တွင် CERP အစီအစဉ်ဖြင့်  စပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၃၅၀ စိုက်ပျိုးထားရှိရာ ယခုအခါ စပါးများ ရင့်မှည့်ချိန် ရိတ်သိမ်းချိန်ဖြစ်သည့်အတွက် တောင်သူများ အား စပါးရိတ်သိမ်းရာတွင် အလေအလွင့်များမရှိစေရေး၊ မျိုးရောမှုမရှိစေရေးနှင့် အထွက် နှုန်းကောင်းစေရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ကျေးရွာများရှိ မျိုးစေ့ထုတ်စိုက်ကွက်၊ စိုက်ခင်းများသို့ ကွင်းဆင်းပြီး  တောင်သူများနှင့်အတူမျိုးကွဲ၊ ပေါင်းမြက်နှင့် ပိုးရောဂါ ကင်းစင်မှုရှိ/မရှိ ၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းခန့်မှန်းခြင်းများအား ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ CERP အစီအစဉ်ဖြင့် စိုက်ပျိုး ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ၏ စပါးအထွက်နှုန်းမှာလည်း   တစ်ဧကကို စပါးအစို တင်း(၁၀၀) ကျော် ထွက်ရှိရာ CERP အစီအစဥ်

ဖြင့်စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)