ငွေဆောင်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ စစ်ကြောင်းကြီး (၅) ကြောင်းအသွင်ဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ငွေဆောင် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာ၊ ပုညရာဇာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းသန့်နိုင်ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ စစ်ကြောင်းကြီး (၅) ကြောင်း အသွင်ဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း အသိပညာပေးဆွေးနွေးခြင်းတို့အား ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ရာ  ဒေသခံပြည်သူ  (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူများအား လုံခြုံရေးဆိုင်ရာကိစ္စရပ်များတရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ Clean City, Green City ဖြစ်စေရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ဧည့်စာရင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအသိပညာပေး ဟောပြောခဲ့ကြသည်။ တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှလည်း မိမိတို့တင်ပြလိုသည့် အချက်များအား တင်ပြခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒအသိပညာပေးလက်ကမ်းစာစောင်များနှင့် အပူဒဏ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် နေ့လည် (၁၂) နာရီတွင် အမှတ် (၃) ရပ်ကွက်၊ မြို့ဦးစေတီဓမ္မာရုံ၌ စစ်ကြောင်းကြီး (၅) ကြောင်းနှင့်ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ အမှတ် (၁,၂,၃,၄) ရပ်ကွက်တို့မှ ဒေသခံပြည်သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေ ၃နာရီခွဲအချိန်တွင် သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၊ အ.ထ.က(ခွဲ) သဇင်စာသင်ကျောင်း၌ စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းတွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

R–014