မြဝတီမြို့၌ ၂၀၂၄ခုနှစ်၊ စာတတ်မြောက်ရေးလှုပ်ရှားမှုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မြဝတီ ဧပြီ ၇

ကရင်ပြည်နယ်၊  မြဝတီခရိုင်၊ မြို့နယ်အဆင့်  ၂၀၂၄ခုနှစ်၊ စာတတ်မြောက်ရေးလှုပ်ရှားမှု  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ပေးရခြင်းသည် ငယ်စဉ်ကမူလတန်းပညာကို အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများအတွက် နိုင်ငံတော်မှ  လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက်စာတတ်မြောက်မှုဦးရေတိုးပွားလာစေရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အမှား၊ အမှန်ကို  ခွဲခြားသိရှိနိုင်မှသာ  ဘဝတိုးတက်မှုအောင်မြင်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက  နိုင်ငံတော်၏ရည်မှန်းချက်အရ တစ်နိုင်ငံလုံးစာတက်မြောက်‌ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့်  ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို  ရှင်းလင်းပေးသည်။ ထို့နောက် ဗီဒီယိုမှတ်တမ်းပြသပေးခြင်းနှင့် စာသင်ဝိုင်းများအတွက် ထောက်ပံ့ရေးပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နည်းပြ၊ အုပ်ချုပ်သူများထံသို့ ပေးအပ်သည်။

အဆိုပါ စာတတ်မြောက်ရေးစာသင်ဝိုင်းများကို နည်းပြအခြေခံပညာဆရာ၊ ဆရာမများက ရပ်ကွက်(၂)ခု၊ ကျေးရွာ (၆) ရွာရှိ   စာသင်သားဦးရေ (၂၅၁) အား စာသင်ဝိုင်း (၂၃)  ဝိုင်းခွဲကာ ဧပြီ (၆ ) ရက်နေ့မှ   မေလ (၁၅) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)