မုံရွာ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် (၈၄)ကြိမ်မြောက်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ယခုဆွေးနွေးသည့်စာအုပ်တွင် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ်လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင် ပေးခဲ့သော ရာဂဏန်းအထိရှိသည့် ဆရာ၊ ဆရာမအပေါင်း၏ ကျေးဇူးတရားကြီးမားလှပုံကို လူငယ်နှင့်ပညာဆိုင်ရာစာစုများဖြင့် စာရေးသူကိုယ်တွေ့ ခံစားတင်ပြရေးသားထားသည့် စာအုပ်ဖြစ်သဖြင့် ကျောင်းသားလူငယ်လေးများ အလွန်ဖတ်ရှုသင့်သည့် စာအုပ်လေးဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မုံရွာမြို့စာရေးဆရာများထဲမှ မြင့်နိုင်စိုး(ထီးလှိုင်မြေ)နှင့် အေးမင်းထက်(မုံရွာ)တို့မှ ဦးဆောင်ပြီး ဆရာနှင့်ပတ်သက်သည့် အတွေးများ၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ လူငယ်တို့အတွက် လူကြီးတွေပြင်ဆင်သင့်သည့်အရာများ ခေါင်းစဉ်များဖြင့် အကျဉ်းချုပ်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)