မိုးညို ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို မြို့နယ်အတွင်းရှိ စာသင်ဝိုင်းအသီးသီး၌ ယမန်နေ့ နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စာတတ်မြောက်ရေးလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စာသင်ဝိုင်း(၂၁) ဝိုင်း ဖွင့်လှစ်၍ နည်းပြဆရာ ဦးကျော်ကျော်ထွန်း(လယ်ပြ)အပါအဝင် ဆရာ၊ ဆရာမ (၂၁)ဦးက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စုစုပေါင်း (၃၀၉)ဦးအား အခြေခံမြန်မာစာ၊ အခြေခံဂဏန်းသင်္ချာဘာသာရပ်တို့ကို သင်ကြားပေးလျက်ရှိပြီး စာသင်ဝိုင်းများကို ဧပြီလ ၆ ရက်မှ မေလ ၁၅ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါစာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)