ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ

ရွှေတောင် ဧပြီ ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည်  မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ အ.လ.က-ဆိတ်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄- ၂၀၂၅ မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က လာမည့် မိုးရာသီကာလတွင် ကျေးရွာအုပ်စုများရှိ ယာမြေများတွင် မုံရွာရွှေဒင်္ဂါးမျိုး (သက်တမ်း ၆ လ) ရှိ အထွက်ကောင်းမျိုး ပဲစဥ်းငုံသီးနှံစိုက်ပျိုးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်လွင်က မျိုးကောင်း၊ မျိုးသန့်များ ရရှိနိုင်ရေး၊ ပဲစဥ်းငုံမျိုးများ၏ အရည်အသွေးလက္ခဏာများနှင့် စိုက်ပျိုးနည်းစနစ်ကောင်းများရရှိရေး စိုက်နည်းစနစ်များ၊ သီးညှပ်တန်းကြားစိုက်နည်းစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆိတ်ကြီးကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာအုပ်စုတို့မှ တောင်သူများ စုစုပေါင်း အင်အား (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ ပြန်လည်ဆွေးနွေးတင်ပြကြရာ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)