ပုသိမ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့၏ ညွှန်ကြားချက်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပုသိမ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော လမ်းဘေးဆိုင်များ ၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှ ပြင်ဆိုင်၊ စတိုးဆိုင်များကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားပြီးဖြစ်သည်။
စားသောက်ဆိုင်နှင့်လက်ဖက် ရည်ဆိုင်များအား နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ Take-Away (ပါဆယ်)စနစ်ဖြင့် ဖွင့်လှစ်ရောင်းချရန်နှင့် ပုဂ္ဂလိကဆေးဝါးအရောင်းဆိုင်များအား နေ့စဉ် နံနက်(၆:၀၀) နာရီမှ ည(၇:၀၀)နာရီထိဖွင့်လှစ်ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် မှုရှိစေရေး ယမန်နေ့နေ့လည်ပိုင်းတွင် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။
မြင့်ဟန်(ပြန်/ဆက်)