သဲကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား (၂၆)ကြိမ်​​မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

သဲကုန်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲမှ ဦးစီးကျင်းပသော (၂၆)ကြိမ်မြောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်(၁) ဘုရားကြီးလမ်းရှိ သာရမဥ္ဇူသာမိုးကောင်းဘုရားဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ မြို့သစ်ကျောင်းတိုက် ဦးစီးပဓာနဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဦးသြသဓထံမှ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဧည့်ပရိတ်သတ်များက (၅)ပါးသီလ ခံယူဆောက်တည်ခဲ့​ကြသည်။ ဆက်လက်၍ သဲကုန်းမြို့၊ ကန်ဦးကျောင်းတိုက်၊ မြို့နယ်သံဃာနယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတော် ဦးတေဇနိယက ဆုနှင်းသဘင်ပွဲဆိုင်ရာအချက်အလက်များကို လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်​ထွေး၊ မြို့နယ်သာသနာရေးမှူး ဦးစိုင်းဝင်းသိန်းဦးတို့က သာသနာ​တော်ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမ​ပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော အခြေပြုမူလတန်းအောင်ရှင်သာမဏေ (၂၂)ပါး၊ ပထမငယ်တန်းအောင်သံဃာတော် (၈) ပါး၊ ပထမလတ်တန်းအောင်သံဃာတော် (၁)ပါး၊ ပထမကြီးအောင် သံဃာတော် (၁)ပါး၊ တစ်ကျမ်းစွဲသံဃာတော် (၁)ပါး၊ နှစ်ကျမ်းစွဲသံဃာတော် (၄)ပါး၊ ဓမ္မစရိယကျမ်းပြီး သံဃာတော် (၇) စုစုပေါင်း (၄၄)ပါးတို့အား ဂုဏ်ပြုဆုများပူဇော်ဆက်ကပ်၍ မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် ကြီးကြပ်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ​မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်သာသနာရေးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေးကာ တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)