ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည် ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဧပြီ ၅ ရက်နေ့တွင် ပြည်မြို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက မြန်မာနိုင်ငံသည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံထွက်ရှိသည့်အတွက် နိုင်ငံခြားမှတင်သွင်းသည့် စားအုန်းဆီတင်သွင်းမှု‌ လျော့ချပြီး စိုက်ပျိုးရေးကိုအခြေခံသည့် မြေပဲဆီ၊ နှမ်းဆီအပါအဝင် စားသုံးဆီများ လုံလောက်အောင်ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ဆီစက်ချေးငွေနှင့်ပတ်သက်၍ ကန့်သတ်ချက်များအား ဖြေလျော့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ထားသော ဆီစက်ပေါင်း (၂၄၃)ခုရှိပါကြောင်း၊ ဆီစက်ချေးငွေအဆိုပြုလွှာများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆီစက်အသစ်တည်ဆောက်တပ်ဆင်မည့် လုပ်ငန်းရှင်များအတွက် စိစစ်ဆောင်ရွက်ရမည့်အချက် (၃)ချက်နှင့် လက်ရှိ ဆီစက်အဆင့်မြှင့်တင်ဆောင်ရွက်လိုခြင်းနှင့် လုပ်ငန်းသုံး လှည့်ပတ်‌ငွေရယူလိုသူလုပ်ငန်းရှင်များအတွက် စိစစ်‌ဆောင်ရွက်ရမည့်အချက် (၅)ချက်တို့အား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ် ပြည်ခရိုင်မန်နေဂျာက ဆီစက်ချေးငွေထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်၊ လျှောက်ထားရယူနိုင်သူများ၊ ချေးငွေအသုံးပြုနိုင်မည့်အစီအစဉ်၊ အများဆုံးထုတ်ချေးနိုင်သည့် ချေးငွေပမာဏ၊ ချေးငွေအတိုးနှုန်း၊ ချေးငွေသက်တမ်းနှင့် ချေးငွေပြန်လည်ပေးဆပ်ရမည့်အစီအစဉ်၊ ချေးငွေအတွက်ဘဏ်မှလက်ခံနိုင်သော အာမခံအမျိုးအစား၊ ချေးငွေမူဝါဒနှင့်ကိုက်ညီပါက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အဆိုပါဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ဆီစက်လုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် မိမိတို့၏အခက်အခဲများကို တင်ပြဆွေးနွေးကြရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ဆီစက်ချေးငွေနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောအခက်အခဲများအား မြန်ဆန်စွာ ဖြေလျော့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မြန်မာ့စီပွားရေးဘဏ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပဲခူးတိုင်း(အနောက်ခြမ်း)မှ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)