မုံရွာ ဧပြီ ၆
မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ မြို့တွင်းရှိကားလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ ယာရှိ လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးတို့အတွက် ဧပြီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ကုတင် ၂၀၀ ဆံ့၊ သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးမှ အောင်မဂ်လာအဝိုင်းထိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ ယာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ကုတင် ၂၀၀ ဆံ့၊ သားဖွားမီးယပ်နှင့်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်များအသင်းတို့မှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၃ မြို့နယ်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား၁၂၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)