တီးတိန်မြို့နယ်တွင် တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ် တန်ဖိုးထားစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်

တီးတိန် ဖေဖော်ဝါရီ ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Fort White တောင်ဇလပ်ချစ်သူများအသင်းမှ "တောင်ဇလပ်ပန်းများမခူးဘဲ ထိန်းသိမ်းကာကွယ်တန်ဖိုးထား" အသိပညာပေး စတစ်ကာ ဖြန့်ဝေခြင်း နှစ်ရက်တာ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်၍ ကနေဒီတောင် Fort White၊ Thangmual လမ်းခွဲတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ယခုလို အသိပညာပေး ဆောင်ရွက်ခြင်းအားဖြင့် နောင်အနာဂတ်တွင် တောင်ဇလပ်များမျိုးပြုန်းတော့မည့် အခြေအနေမှ ကာကွယ်တားဆီး စောင့်ရှောက်ရာရောက်ပါတယ်၊ သိုင်းငင်းကျေးရွာတွင်လည်း ဒုတိယနေ့ လှုပ်ရှားမှု ဆက်လက်ဆောင်ရွက်သွားပါမယ်" ဟု အဆိုပါ အသင်းခေါင်းဆောင် ဦးပေါင်လမ့်ထန်က ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများမှစ၍ ရပ်နီးရပ်ဝေးမှ ဖြတ်သန်းသွားလာသည့် ခရီးသွား ပြည်သူများ အသိပညာတိုးပွားပြီး တောင်ဇလပ်ကိုပို၍ တန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန် ရည်ရွယ်၍ သိုင်းငင်းကျေးရွာကို အခြေပြု​ပြီး ဒေသခံ စီးယင်းလူငယ်များ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး အသင်းများ၊ သိုင်းငင်းရွာ၊ ခေါဆရွာ၊ ဟိန်ဇိန်ရွာ၊ ထေးဇန်ရွာ၊ မွာလ်ပီးရွာနှင့် ခိုင်ကမ်းမြို့တို့မှ ပြည်သူများပူးပေါင်းကာ Fort White တောင်ဇလပ်ချစ်သူများအသင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ ဦးလျံမွန့်ထောင်းထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)