ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ဒေးဒရဲ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​​ဒေးဒရဲမြို့နယ်အတွင်း၌ ပွင့်လင်းရာသီကာလ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယနေ့နံနက် (၁၁) နာရီက ထောင်မှူးချောင်ကျေးရွာ (Augater) ပေါင်းဆန်စက်ရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်စိုးက မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၊ စျေးများ၊ နေအိမ်များတွင် မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဆိုပါ စက်ရုံရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား  မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များမှ ၊ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်းနှင့် DCP ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ရာ စက်ရုံမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)