ဒေးဒရဲ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့ စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ အခက်အခဲများကို တင်ပြပေးကြရန်နှင့် တင်ပြချက်များအပေါ်အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကျုံးဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်၊ အသက်အရွယ် အပိုင်းအခြားအလိုက်၊ မြေပြင်အခြေအနေများ စိစစ်နိုင်ရေး ပုံစံ (၁)များ ဖြန့်ဝေမှု၊ မြေပြင်စိစစ်ရန် အတွက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွေ့ဆိုင်းခွင့် အကျုံးဝင်သူများကို ပုံစံ-၃(က)၊ ပုံစံ -၃ (ခ)များ တွင် ဖြည့်သွင်းရမည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း