တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားအား တက်ရောက်

ပုသိမ် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုဂ်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ်များသည် လူ့ဘောင်အသိုင်းအဝိုင်းကို များစွာအကျိုးပြုပြီး အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း ရရှိသည့်အချိန်တွင် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သား စနစ်တကျ တက်မြောက်အောင်သင်ကြား၍ ပိုမိုကျွမ်းကျင်အောင် လေ့လာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာကျောင်းများသည် များစွာအရေးပါကြောင်း၊ နောင်တစ်ခေတ်တွင် နိုင်ငံတော်မှအားထားရသည့် သားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)