ကြို့ပင်ကောက် ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း ၁၅ ဝိုင်းဖွင့်လှစ်၍ သင်တန်းပို့ချခြင်းကို ဧပြီ ၆ ရက်နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှု၍ စာရေးကရိယာများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် စာသင်ဝိုင်း(၁၅) ဝိုင်းဖွင့်လှစ်၍ နည်းပြဆရာဆရာမ (၁၅)ဦးက အခြေခံမြန်မာစာ၊ အခြေခံဂဏန်း သင်္ချာဘာသာရပ်တို့ကို သင်ကြားပေးလျက်ရှိရာ ကျေးလက်နေပြည်သူများနှင့်တိုင်း ရင်းသားပြည်သူများ စုစုပေါင်း (၂၂၉)ဦးတက်ရောက်ခဲ့ကြောင်း၊ ဧပြီ ၆ ရက်မှ မေ ၁၅ ရက်နေထိရက်(၄၀)ကြာ နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ သင်ကြားပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်ထံမှသိရသည်။
အဆိုပါစာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်နိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း( ကြို့ပင်ကောက်)