တိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ် ဧပြီ ၆

တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်၌ ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “နွေရာသီအားကစားသင်တန်း များကိုဖွင့်လှစ်ပြီး နိုင်ငံတော်၏ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသည့် ကာယဉာဏဖွံ့ဖြိုးသည့် ကလေးငယ်များ ဖြစ်ပေါ်လာစေရေး နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းကို တက်ရောက်ကြသည့် အားကစားသမားများနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို အတုယူအားကျပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုထောက်ပံ့ငွေများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာ့သိုင်း အားကစားအဖွဲ့၊ Fitness Dance အားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့များ၏ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း(၁၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၂၄၈)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)