သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ မြို့သစ်၊တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

မြို့သစ်  ဧပြီ ၆

မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  တာဝန်ရှိသူများ လိုက်ပါကာ ဧပြီ ၄ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ အဆိုပါရုံး အစည်းအဝေးခန်းမ၌  မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ အမှာစကားပြောကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဝါစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများအနေဖြင့် အဆင့်မီဝါဂွမ်းနှင့် ချည်များ ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းပြီး ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးသမဝါယမအသင်းများဖွဲ့စည်း၍ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့်ဈေးကွက် ဖော်ဆောင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်ဦးက မြို့နယ်အတွင်း ဝါစိုက်ပျိုးနိုင်မှုအခြေအနေနှင့် ဝါစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၏လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)