ကဝမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကျင်းပ

ကဝ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက ကဝမြို့ ငါးထပ်ကြီးဘုရား ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းကြည်က ရွေးကောက်ပွဲနေ့တွင် ဥပဒေ၊ နည်းဥပဒေ နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မဲရုံအတွင်း ဓာတ်ပုံရိုက်ကူးခြင်းနှင့် အသံဖမ်းယူခြင်းကို ခွင့်မပြုသည့် ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံအသီးသီးသို့ လာရောက်ကြမည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များအတွက် ဝတ်စားဆင်ယင်မှု သတ်မှတ်ခြင်းကိစ္စများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင်ရတနာဝင်း က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် နိုင်ငံရေး ပါတီများမှ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)