သာယာဝတီ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၈၂/၃) ရှိ တောင်သူဦးထွန်းထွန်းဝင်း၏ ကွင်းအမှတ်(၁၃၅၂) နွေစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၇ နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့သည်။
နွေစပါး စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ နွေစပါးစိုက်ခင်းအား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း အချိန်အတွယ်တိုင်းတာခြင်းများဆောင်ရွက်ခဲ့ရာ စပါးတစ်ဧကအထွက်နှုန်း အစိုတင်း(၁၃၂)တင်းထွက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ယခုနှစ်နွေစပါး(၄၄၉၈၆)ဧကခဲ့ရာ လျာထားဧကထက်ကျော်လွန်၍ စိုက်ဧက(၄၅၃၄၅) ဧကကို စိုက်ပျိုးခဲ့ပြီး ရတနာတိုးစပါး၊ မှော်ဘီ-၃၊ ရက်(၉၀ )စပါး၊ GW-11 စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ အများဆုံး စိုက်ပျိုးထားရှိကြောင်းနှင့် စပါးစိုက် တောင်သူများ အထွက်နှုန်းကောင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(ခရိုင်ပြန်/ဆက်)