ကဝမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကဝ ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ကဝမြို့နယ် ရုံးကျောင်းသက်တော်ရှည်ဆရာ တော်ဘုရားကြီးထံမှ ငါးပါးသီလနှင့် အဖွင့်သြဝါဒကထ နာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ သာသနာရေးကိစ္စရပ်များ အားလျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် စာအောင်သံဃာတော်များအား စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေပေါက်ပင် ကျောင်းဆရာတော်ဘုရားကြီးမှ အနုမောဒနာနှင့် ရေစက်ချတရားဟောကြားခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)