ပိုင်ကျုံမြို့၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏(၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ အခမ်းအနားကျင်းပ

ပိုင်ကျုံ    ဧပြီ    ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  ပရဟိတမြို့မ သာသနာပြုကျောင်း၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ (၁၆)နှစ်မြောက်  ဗုဒ္ဓပူဇနိယပွဲတော်  တရားတော်နာ အခမ်းအနားကို   ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်ဧည့်ပရိသတ်အပေါင်းတို့က ပိုင်ကျုံမြို့ ပရဟိမြို့မသာသနာပြုကျောင်း ဆရာထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဇျယ်တော်မူကြပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးက ဘုရားပွဲ၏ အလှူငွေ ရရှိမှုနှင့်သုံးစွဲမှု စာရင်းများကို ရှင်းလင်းပြောကြားပြီး ဘုရားပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ လှူဒါန်းကြသည့် အလှူရှင်များအားလုံး အထူးကျေးဇူးတင်ကြောင်း နောင်နှစ်များတွင်လည်း ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘုရားပွဲ တရားတော်နာ လာရောက်ကြသည့် ဧည့်ပရိသတ်အပေါင်းတို့က ပရဟိတမြို့မ သာသနာပြု ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)