မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

မော်လမြိုင်ကျွန်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ ညနေ (၃) နာရီခန့်က မော်လမြိုင်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်က မြို့နယ်ဗိုလ်ချုပ်စျေးအတွင်းရှိ ဈေးရုံ၊ ဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်နှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ ဈေးအတွင်းမှလုပ်ငန်းရှင်များ၊ စျေးသူ/ဈေးသားများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)