မုံရွာစီးပွားရေးတက္ကသိုလ်၌  နိုင်ငံသားဆိုင်ရာလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး

မုံရွာ ဧပြီ ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းပြီး “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ နိုင်ငံသားဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်သော ဝန်ထမ်းများသည်  ယမန်နေ့နေ့လယ်ပိုင်းက  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံ သားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဦးစွာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်သော အဖွဲ့သည် မုံရွာစီးပွား‌ တက္ကသိုလ်ရှိဝန်ထမ်းများနှင့်ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီကျောင်းပိတ်ရက်တွင် ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆)ကတ်အား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိမိမြို့နယ်သင်္ကေတနှင့် အခြားမြို့နယ်သင်္ကေတပါ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်၊ ပျောက်/ပျက်(မိတ္တူ) အမှုတွဲ (၄၁)မှုတို့ကို စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက်ကိုလည်း အမှုတွဲလက်ခံဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းတွင် (၇၀)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းအောင်၊  ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဝင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးတို့နှင့် မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ သီတာကြူတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)