ကျုံပျော်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ပြုလုပ်

ကျုံပျော် ဧပြီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင် ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသူများရှိခဲ့ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ထိုလူဦးရေသည် ကျေးလက်ဒေသနှင့် တိုင်းရင်းသားလူမျိုးများထံတွင် အများဆုံး တွေ့ရှိရသည်ဟု ဖော်ပြပါရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ပညာရယူရန် အရေး၊ အဖတ်၊ အတွက်များကို အခြေပြု သင်ကြားပေးရန်၊ ဘေးအန္တရာယ် ကင်းရှင်းပြီး လူမှုဘဝအတွက် အသိပညာပေးခြင်းမျိုးဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာတတ်မြောက်မှ အတွေးအခေါ် အသိတရားနှင့် ဆင်ခြင်တုံတရားများ မြင့်မားလာမှာဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း လိုအပ်သည့် ကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊ နိုင်ငံတော်၏ စာမတတ်သူ ပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှုကို အောင်မြင်အောင် ဆရာ၊ ဆရာမများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်းဖြင့် သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။

ယနေ့ ဆင့်ပွားသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၉၁)ဦး တက်ရောက်ကြပြီး၊ သင်တန်းတွင် စာတတ်မြောက်ရေး၏ သဘော သဘာဝ၊ စာသင်သား ပြည်သူများ၏ လူမှုဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေး၊ စာသင်သားများ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကူအညီရယူနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုပုံစံများလိုက်နာရေး၊  ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းလိုက်နာရေး၊ ထိရောက်သော သင်ကြားသင်ယူမှု နည်းစနစ်များနှင့် သင်ပြနည်းဆိုင်ရာများ၊ ဝ - ထ - က - လ - သ Mobile App အသုံးပြုနည်းစနစ် သင်ကြားပို့ချခြင်း၊  စာတတ်မြောက်မှု ပုံစံများအား ဆန်းစစ်အကဲဖြတ်ခြင်း စသည့် သင်ခန်းစာများအား  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊  ကျန်းမာရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက သင်ကြားပေးသွား မည်ဖြစ်သည်။

အဆိုပါ ဆင့်ပွားသင်တန်းကို မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ (၃)ရက်ကြာ နံနက်(၉)နာရီမှ ညနေ (၅) နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျုံပျော်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇၈)ခုတို့တွင် စာသင်ဝိုင်း(၉၁)ဝိုင်းဖြင့် နည်းပြ(၉၁)ဦး၊ ကြီးကြပ် (၉)ဦးတို့က စာသင်သား (၁၀၇၇)ဦးတို့အား  ဧပြီလ ၈ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ရက်ပေါင်း (၄၀)ကြာ၊ တစ်နေ့လျှင် ပျမ်းမျှ (၃) နာရီဖြင့် နာရီပေါင်း (၁၂၀) သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)