ပေါင်းတည်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားဆောင်ရွက်

ပေါင်းတည် ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် (၈) နာရီမှစ၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိသည်။

အဆိုပါ လှုပ်ရှားဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင် (၂) ဦးအေးကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးတို့နှင့်အတူ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖော၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်ဝင်းတို့က လိုက်လံကြည့်ရှုအားပေးကြသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ပေါင်းတည်မြို့နယ်အတွင်း ကျေးလက်ဒေသများရှိ အခြေခံပညာကျောင်းများတွင် သင်ကြားရေးဌာန (၃၅) ခု ဖွင့်လှစ်၍ ကျေးလက်နေ ပြည်သူ (၅၂၅) ဦးအား ဆရာ၊ ဆရာမများက အခြေခံစာတတ်မြောက်ရေးအတွက် ရက်ပေါင်း (၄၀) သင်ကြားပြသ ပေးကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရကြီး (ပြန်/ဆက်)